စိတ်ဖိစီးလွန်းရင် အိပ်မက်ဆိုးတွေမက်လေ့ရှိသလား
အိပ်မက်ဆိုးတွေဆိုတာ တကယ်တော့ ကိုယ့်ရင်ထဲက မကောင်းတဲ့ခံစားချက်တွေ၊ အတွေးတွေကြောင့် အိပ်ပျော်နေတဲ့အချိန်မှာ မသိစိတ်က ဖန်တီးလိုက်တဲ့ ပုံရိပ်ယောင်တွေပါပဲ။
ကိုယ်တကယ်ဖြစ်နေတဲ့ ပြဿနာနဲ့ အိပ်မက်ဟာ ဆင်တူနိုင်သလို၊ လုံးဝသက်ဆိုင်မှုမရှိရင်တောင် ဒီအိပ်မက်ဆိုးမက်လိုက်တဲ့အတွက် ကိုယ့်ရဲ့ ရင်ထဲ၊ အတွေးထဲမှာ မကောင်းတဲ့ စိတ်ခံစားချက်တွေ၊ ကြောက်ရွံ့ထိတ်လန့်မှုတွေ၊ စိုးရိမ်မှုတွေ ကျန်ခဲ့စေနိုင်ပါတယ်။
အိပ်မက်ဆိုးတွေဟာ ကလေးအသက် ၃ နှစ်နဲ့ ၆ နှစ်ကြားမှာ စတင်ဖြစ်ပေါ်လာတတ်ပြီး ဆယ်ကျော်သက်အရွယ်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ပိုပြီး အိပ်မက်ဆိုးမက်လာတတ်ကြပါတယ်။
သာမန်အိပ်မက်ဆိုး မက်တာမျိုးအပြင် အိပ်မက်ဆိုးမက်ခြင်းကြောင့် နောက်ဆက်တွဲ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုဖြစ်ခြင်းနဲ့ နေ့ခင်းဘက်တွေမှာ လုပ်ငန်းဆောင်တာ လုပ်ဆောင်မှုအပိုင်းကိုပါ အနှောင့်အယှက်ဖြစ်လာပြီဆိုရင်တော့ အိပ်မက်ဆိုးနဲ့ ဆက်စပ်ရောဂါ (Nightmare Disorder) လို့ သတ်မှတ်လို့ ရပါတယ်။
ဒီလိုမျိုး အိပ်မက်ဆိုးတွေ မက်ရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်လွန်ကဲစိတ်တွေကြောင့်ဖြစ်ပြီး တစ်ခါတလေမှာ မတော်တဆမှု၊ ကြီးမားတဲ့ပြောင်းလဲမှုတွေကြောင့် နေသားမကျဖြစ်ခြင်း၊ Trauma - စိတ်ဒဏ်ရာ ရသွားတဲ့အခါမျိုးမှာလည်း အိပ်မက်ဆိုးမက်နိုင်ပါတယ်။ တခြား အကြောင်းရင်းတွေအနေနဲ့
- ညအိပ်ချိန် ပုံမှန်မမရှိခြင်း
- ရောဂါအတွက် ဆေးပြင်းများ စွဲသောက်နေရခြင်း
- မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးများ သုံးစွဲနေခြင်း
- စိတ်ကျန်းမာရေးပြဿနာများ ရှိခြင်း
- ညမအိပ်ခင် စိတ်ခြောက်ခြားစရာ ရုပ်ရှင်၊ ဝတ္ထုများ ကြည့်နေတတ်ခြင်း စတာတွေကြောင့်လည်း အိပ်မက်ဆိုးတွေ မကြာခဏ မက်နေနိုင်ပါတယ်။
ပုံမှန်အားဖြင့် ဒီလိုအိပ်မက်ဆိုးမက်ခြင်းဟာ စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုအဖြစ် မယူဆဘဲ လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုလို့သာ သုံးသပ်ထားပါတယ်။
ဒါပေမယ့် ဒီလိုအိပ်မက်ဆိုးမက်တာက ရက်စိပ်လာတာ၊ ညဘက်မှာ အိပ်ဖို့ကိုတောင် ကြောက်လန့်လာတာ၊ မနက်ပိုင်းမှာ လန်းဆန်းတက်ကြွမှုမရှိဘဲ အားအင်နည်းနေရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်